နကျယ်ကောင်အိမ်ဟိုတယ်(Capsule Hotel)

カプセルホテル (Kapuseru hoteru)


Capsule = ဆေးတောင့်၊ သစ်စေ့အိမ်
Hotel = ဟိုတယ်
Capsule hotel = သစ်စေ့အိမ်ငယ်လေးများဟိုတယ်၊ ဆေးတောင့်လေးများကဲ့သို့သောဟိုတယ် 

နကျယ်ကောင်အိမ်ငယ်လေးများကို သင်မြင်တွေ့ဖူးပါသလား။
Capsule Hotel ဆိုသည်မှာ နကျယ်ကောင်အိမ်ငယ်လေးများနှင့်ဆင်တူပါသည်။
သေးငယ်သောအခန်းလေးများစွာ စီတန်းနေသော ဟိုတယ်တစ်ခုဖြစ်ပါသည်။


ဂျပန်နိုင်ငံတွင် ဈေးသက်သက်သာသာနှင့် တစ်ညတာတည်းခိုနိုင်စေရန်အတွက် ကောင်းမွန်သော
စိတ်ကူးစိတ်သန်းဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ သို့သော်အခြားဟိုတယ်ကြီးများကဲ့သို့
အထူးအထူးသော ဝန်ဆောင်မှုများပါဝင်မည် မဟုတ်ချေ။

Capsule ဟိုတယ်အစ
ပထမဦးဆုံးသော Capsule Hotel ကို ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ပေါ်ပေါက်ခဲ့ပြီး
၁၉၇၉ ခုနှစ်တွင် ခိရှော ခုလောခဝ (Kisho Kurokawa) ဆိုသူက အိုဆာကာ (Osaka) ရှိ
အုမဲဒ (Umeda) ဆိုသောနေရာ စတင်ဖွင့်လှစ်ခဲ့ပါသည်။
သို့သော်ယခုအခါ ဂျပန်နိုင်ငံတဝန်းလုံးတွင် Capsule Hotel များပေါများစွာရှိပါသည်။

တည်ဆောက်ထားပုံ

ဟိုတယ်ခန်းများသည် ပလတ်စတစ် သို့မဟုတ် ဖိုင်ဘာဂလက်တို့ဖြင့် ဖွဲ့စည်းထားပြီး၊
အကျယ်အဝန်းမှာ အလျား ၆ပေ၇လက်မ၊ အနံ ၃ပေ ၃လက်မ၊ အမြင့် ၄ပေ ၁လက်မ ဖြစ်ပါသည်။
ဝန်ဆောင်မှုများမှာ နေရာဒေသကိုလိုက်ပြီး အနည်းနှင့် အများကွဲပြားကြပါသည်။
သို့သော်များသောအားဖြင့် ပါဝင်လေ့ရှိသောဝန်ဆောင်မှုများမှာ တီဗွီတစ်လုံး၊ လျပ်စစ်မီး၊ အဲယားကွန်း၊
စားပွဲငယ်တစ်လုံး၊ အင်တာနက်စသည်တို့ပါဝင်လေ့ရှိပါသည်။

ဟိုတယ်ခန်းလေးများကိုဘေးခြင်းယှဉ်တည်ဆောက်ထားပြီး အပေါ်အောက်နှစ်ထပ်ရှိပါသည်။
အပေါ်ထပ်အခန်းငယ်များသို့တက်ရောက်ရန် လှေကားထစ်ငယ်လေးများပါရှိပါသည်။
အခန်းတံခါးများကိုပိတ်ထားနိုင်ပြီး၊ ပြင်ပမှမိမိကို မမြင်တွေ့စေရန်နှင့် လုံခြုံမှုရှိစေရန်
ဖိုင်ဘာဂလက်တံခါးကိုလိုက်ကာ ဖြင့်ကာထားနိုင်သည်။

မိမိတွင်ပါလာသော ပစ္စည်းများကို လုံခြုံရေးသေတ္တာအတွင်းထည့်သွင်းထားနိုင်သည်။
ရေချိုးခန်းသည် အများသုံးဖြစ်သည်။ ဟိုတယ်အိပ်ခန်းငယ်များအတွင်း ဆေးလိပ်သောက်ခြင်း၊
အစာစားခြင်းများကို မပြုလုပ်ရန် တားမြစ်ထားသည်။ အချို့သော Capsule Hotel များတွင် 
စားသောက်ခန်းမများရှိပြီး အနည်းဆုံး ဈေးရောင်းစက်များထားရှိလေ့ရှိသည်။
ထို့အပြင် ရေကူးကန်နှင့် အခြားအခြားသော ဖြေဖျော်မှုများလည်းပါဝင်လေ့ရှိသည်။

အားသာချက်များ

Capsule Hotel များသည် အမျိုးမျိုးရှိနိုင်ပြီး အနည်းဆုံး စုစုပေါင်း အခန်း ၅၀ ခန့်မှ အများဆုံး 
အခန်း ၇၀၀ အထိရှိကြပါသည်။ အမျိုးသားများအတွက် အဓိကရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သော်လည်း
အချို့သော Capsule Hotel များတွင် အမျိုးသမီးဧည့်သည်များအတွက်လည်း သီးသန့်အထပ်များကို
စီစဉ်ထားလေ့ရှိပါသည်။ တည်းခိုသူများကို ဧည့်ကြိုကောင်တာတွင်စာရင်းသွင်းကတည်းက ယုကတ
တစ်စုံနှင့် သဘက်တို့ကိုဝန်ဆောင်မှုပေးပါသည်။

Capsule Hotel ၏အဓိကအားသာချက်မှာ ဈေးသက်သာခြင်းဖြစ်ပြီး တစ်ညလျှင် ဂျပန်ယန်း ၂၀၀၀မှ
၄၀၀၀ခန့်သာပေးရပါသည်။ ဂျပန်နိုင်ငံတွင် ရုံးပိတ်ရက်များရောက်ရှိလာပါက Salary man များသည်
မိမိတို့၏ သူငယ်ချင်းများနှင့် ပျော်ရွှင်စွာသောက်စားကြလေ့ရှိပါသည်။ သောက်စားပြီး အမူးလွန်ကာ
အိမ်မပြန်နိုင်သောအခြေအနေ၊ ကားမမောင်းနိုင်သောအခြေအနေ၊ ရထားမရှိတော့သောအခြေအနေ၊
အိမ်ရောက်ပါက မိမိဇနီးသည်ကို မျက်နှာမပြရဲသော အခြေအနေမျိုးတွင် ဤသို့သော Capsule
Hotel များတွင် ဝင်ရောက်တည်းခိုအိပ်စက်ခြင်းဖြင့် ဘေးရန်ကင်းစွာ၊အန္တရာယ်မရှိဘဲဈေးသက်သာစွာ
နားခိုနိုင်ခြင်းသည် အထူးအားသာချက်တစ်ရပ်ဖြစ်ပေသည်။

Capsule Hotel အသုံးပြုနည်း



၁။ ဟိုတယ်တွင်စာရင်းသွင်းခြင်း
စာရင်းသွင်းစာရွက်ပုံစံတွင် လိုအပ်ချက်များကိုရေးသွင်းရပါမည်။
မိမိအိပ်စက်မည့် အခန်းငယ်နံပါတ်နှင့် အခန်းသော့ကိုယူပါ။
ဟိုတယ်မှ အခန်းတွင်းစီးဖိနပ်၊ ယုကတနှင့် ရေသုတ်သဘက်တို့ကိုဝန်ဆောင်မှုပေးပါမည်။

၂။ ရေချိုးခြင်း
မိမိပစ္စည်းများကို အခန်းတွင်းထည့်ခဲ့ပါ။
ရေချိုးပါ။ ဟိုတယ်မှပေးသော ယုကတတို့ကိုဝတ်ဆင်ပါ။

၃။ အိပ်စက်ခြင်း
မိမိအခန်းတွင်းသို့ဝင်ရောက်ပါ။
မိမိအခန်းတံခါးကိုပိတ်ပါ။ လိုက်ကာချပါ။
တစ်ညတာအိပ်စက်အနားယူပါ။

၎။ ရေချိုးခြင်း
အများသုံးရေချိုးခန်းတွင်ရေချိုးပါ။
နေ့သစ်တစ်နေ့အတွက် ပြင်ဆင်ပါ။
မိမိပစ္စည်းများကို မေ့မကျန်စေရန်စစ်ဆေးပါ။

၅။ ဟိုတယ်မှထွက်ခွာခြင်း
ဧည့်ကြိုကောင်တာတွင် သော့ပြန်အပ်ပါ။
ကျသင့်ငွေကိုပေးချေပါ။ 
ဟိုတယ်မှထွက်ခွာပါ။

သင်၏တစ်ညတာ Capsule Hotel တွင်တည်းခိုခြင်းအောင်မြင်စွာပြီးဆုံးပါပြီ။
ဆက်လက်ဖတ်ရှုလိုပါက Capsule Hotel တွင်ဖတ်ရှုပါ။

ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါသည်။
ရေးသားသူ - ဆက်ပိုင်
၂၀၁၄ နိုဝင်ဘာ

 

0 comments:

Post a Comment

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top