အမျိုးသားများအတွက် ဝင်ပေါက်
အမျိုးသမီးများအတွက် ဝင်ပေါက်
သင်သည်အွန်းစမ်းရှိရာဆိုင်အတွင်းသို့ဝင်ရောက်လာပြီဟုမှတ်ယူလိုက်ပါ။
အမျိုးသားများသည် လိုက်ကာအပြာရောင်အတွင်းသို့ဝင်ရောက်ပါ။
အမျိုးသမီးများသည် လိုက်ကာအနီရောက်အတွင်းသို့ဝင်ရောက်ပါ။
(မမှားစေနဲ့နော်...)
သက်ဆိုင်ရာလိုက်ကာစလေးကိုလှန်လိုက်ပြီးဝင်လိုက်ရင်တော့ ငွေရှင်းကောင်တာကိုတွေ့ရပါမယ်။
ငွေရှင်းကောင်တာမှာ ငွေရှင်းတဲ့အခါမှာတော့ သဘက်အကြီးတစ်ထည်၊ အသေးတစ်ထည်ရပါမယ်။
ပြီးရင်မိမိပစ္စည်းတွေထည့်ဖို့ လော့ကာလိုချင်ရင်တော့ လော့ကာဖိုးထပ်ပေးရတတ်ပါတယ်။
လော့ကာခန်းထဲရောက်ရင်တော့ မိမိရဲ့ ဖိနပ်၊ အကျီ ၊ ဘောင်းဘီ၊ လက်ပတ်နာရီ၊ ဟန်းဖုန်းစတဲ့
ပစ္စည်းတွေကို ထည့်လိုက်ပါ။ လော့ကာသော့ကိုခတ်ပြီး သော့ကိုမိမိနဲ့တစ်ပါတည်းယူသွားပါ။
သော့မှာ သားရေကွင်းလေးပတ်ထားတတ်ပါတယ်။ အဲဒီသားရေကွင်းကို မပျောက်အောင်လက်မှာစည်း လိုက်ပါ။ သဘက်အကြီးကို ပြန်ထွက်လာရင် ရေသုတ်ဖို့ လော့ကာထဲထည့်ခဲ့ပြီး
သဘက်အသေးကိုတော့ မိမိနဲ့အတူရေချိုးရင်း ချွေးသုတ်ဖို့၊ ရေသုတ်ဖို့ယူသွားလေ့ရှိပါတယ်။
(ဒီအချိန်မှာဆိုရင်တော့ သင်ဟာ မေမေ၊ ဖေဖေ မွေးတဲ့အတိုင်းဖြစ်နေပြီနော်။)
ကဲ....ဘာဆက်လုပ်ကြမလဲ။
သင်ရှက်နေပါသလား။ သင်ရှက်နေတယ်ဆိုရင်တော့ သဘက်အသေးလေးနဲ့ သင်ရှက်နေတဲ့နေရာကို
ဖုံးထားပေါ့။ အခုသင်သွားရမည့် အခန်းကတော့ပုံကိုကြည့်ရင်သိနိုင်ပါတယ်။
၁။ ရေချိုးခြင်း
ပုံမှာမြင်တွေ့ရတဲ့ ထိုင်ခုံလေးမှာဝင်ထိုင်လိုက်ပါ။ ပြီးရင် ထိုင်ခုံအပေါ်လေးမှာ ရေခွက်ခပ်ကြီးကြီးတစ်ခု
ရှိပါတယ်။ အဲဒီခွက်နဲ့ချိုးရင်လည်းရတယ်။ ရေပန်းနဲ့ချိုးချင်လည်း ချိုးလို့ရပါတယ်။ ရှေ့ကရေဘုံဘိုင်ခေါင်း
အပေါ်ကို လက်ဝါးနဲ့ ရိုက်လိုက်ရင်ရေထွက်လာပါမယ်။ ရေပူရေအေးတော့မိမိဘာသာ ချိန်ညှိပေါ့နော်။
ရှေ့ဘက်မှာတော့ ဆပ်ပြာရည်ဗူး၊ ခေါင်းလျော်ရေဗူး၊ ဆံပင်ပျော့ဆေးဗူးဆိုပြီး ဗူးသုံးဗူးတွေ့ရပါမယ်။
ရေကိုအားရပါးရချိုးပါ တစ်ကိုယ်လုံးကို သန့်ရှင်းအောင်လုပ်လိုက်ပါ။ သင့်ချွေးတွေ အညစ်အကြေးတွေကို
ရေစိမ်ကန်ထဲမဝင်ခင် သေသေချာချာ ဆေးကြောပါ။
သတိပြုရမည်မှာ
- ရေပူကိုကျင့်သားရစေရန်အတွက် သင့်ကို ရေပူအရင်ချိုးစေခြင်းဖြစ်ပါသည်။
- အွန်းစမ်းသို့ဝင်ရာတွင် သွေးဖိအားရုတ်တရက်မြင့်တက်သွားခြင်းကိုကာကွယ်ရန်ဖြစ်သည်။
- ရေပူလောင်းချိုးရာတွင် အောက်ဆုံးခြေချင်းဝတ်မှစတင်ပြီး၊ ဒူးခေါင်း၊ ပေါင်၊ ခါး၊ ချက်မှသည်
တဖြည်းဖြည်းချင်း အပေါ်ပိုင်းသို့တက်လာကာ ပုခုံးအထိလောင်းရမည်။
- ရေကိုဖြည်းဖြည်းလောင်းစေခြင်းသည် သင့်အတွက် မကောင်းမှုကိုမဖြစ်စေပါ။
- ရေစိမ်ကန်ထဲမဝင်မီအညစ်အကြေးကင်းအောင်ရေချိုးခြင်းသည် အဓိကအပြုအမူတစ်ခုဖြစ်သည်။
သင်ရေချိုးနေပုံ
၂။ အွန်းစမ်းအတွင်း ရေစိမ်ခြင်း
သင်တကိုယ်လုံးသန့်စင်သွားပါက အွန်းစမ်းအတွင်းသို့ဝင်ရောက်စိမ်ရန်အသင့်ဖြစ်နေပါပြီ။
အွန်းစမ်းအတွင်းသို့ စတင်ဝင်ရောက်ပါက ရေအပူပမာဏကို ခံနိုင်ရှိစေရန်အတွက် တဖြည်းဖြည်းခြင်း
ဝင်ရောက်စိမ်သင့်သည်။ တစ်ကိုယ်လုံးရုတ်တရက်ဝင်ရောက်ခြင်းထက် ကိုယ်ခန္ဒာတစ်ဝက်ကိုဦးစွာ
စတင်ပြီးဝင်စိမ်ပါ။ ဤအတိုင်းဆောင်ရွက်ခြင်းဖြင့် မြင့်မားသောအပူချိန်နှင့် ရေဖိအားတို့ကြောင့် နာကျင်မှု
ဝေဒနာကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အွန်းစမ်းအတွင်း ဝင်ရောက်ရေစိမ်ပြီးနောက် သင့်အတွက်
အထူးကောင်းမွန်သော ခံစားမှုကိုရရှိပေမည်။ အိုမင်းရင့်ရော်နေသောအရေပြားဆဲလ်တို့သည် နူးညံ့ပြီး
ချွေးပေါက်များသည် ပွင့်ထွက်လာကာ၊ သင်အရေပြားမျက်နှာပြင်မှ အညစ်အကြေးများကို ဖယ်ရှားပေး
ပါလိမ့်မည်။
သတိပြုရမည်မှာ
- ရေပူကန်အတွင်းသို့ ဖြည်းဖြည်းခြင်း ဝင်ရောက်ပါ။
- မိတ်ကပ်လိမ်းထားသောသူများသည် ရေချိုးနေစဉ်ကောင်းစွာသန့်စင်ပါ။ အဘယ့်ကြောင့်ဆိုသော်
မိတ်ကပ်များသည် ချွေးပေါက်လေးများပွင့်လာခြင်းကိုတားဆီးပေးသောကြောင့်ဖြစ်သည်။
- အကောင်းဆုံးကတော့ သင့်ရဲ့ နှဖူးနဲ့ နှာခေါင်းထိပ်တွေမှာ ချွေးစို့လာတဲ့အထိ ရေစိမ်ပေးပါ။
- ချွေးတွေအများကြီးထွက်လာတဲ့အထိတော့ ရေထဲမှာမစိမ်သင့်ပါဘူး။
- ရေအကြာကြီးစိမ်ပါက သင်သည် ချမ်းစိမ့်စိမ့်ဖြစ်လာပေလိမ့်မည်။
အွန်းစမ်းတွင် သင်ရေစိမ်နေပုံ
၃။ ချွေးထုတ်ခန်းဝင်ခြင်း
အွန်းစမ်းအတွင်း ရေစိမ်ပြီးသွားသောအခါတွင် သင်အသားအရေပိုမိုနူးညံ့သွားစေရန်နှင့်
ချွေးပုတ်များထွက်သွားစေရန်အတွက် ဆောင်းနားခေါ် ချွေးထုတ်ခန်းထဲသို့ဝင်ရောက်နိုင်သည်။
ဆောင်းနားသည် ထင်းရူးသားများဖြင့်တည်ဆောက်ထားသောအခန်းဖြစ်သည်။ အခန်းထဲတွင်
တီဗွီတစ်လုံးပါဝင်တတ်သည်။ ချွေးထုတ်ရင်း တီဗွီကြည့်ရန်ဖြစ်သည်။
သတိပြုရန်အချက်
- သင် အရက်သောက်ထားပါက ဆောင်းနား မဝင်သင့်ပါ။ အယ်လကိုဟော တစ်ခုခုသောက်ထားပါက
အသက်ရှုကြပ်လာတတ်ပါသည်။
- ဆောင်းနားမှ ပြန်ထွက်ပြီး အွန်းစမ်းထဲဝင်လိုပါက ထပ်မံဝင်ရောက်နိုင်ပါသည်။
- အွန်းစမ်းအတွင်းမှပြန်ထွက်လာပါက ရေထပ်မံမချိုးသင့်ပါ။ ရေချိုးလိုက်ပါက အွန်းစမ်းမှပါလာသော
လူတို့အတွက်အရေးပါသည့် ဓါတ်သတ္တု အာဟာရများ ပြန်လည်ဆုံးရှုံးသွားပါလိမ့်မည်။
ရေထပ်မချိုးလိုက်နဲ့နော်
၎။ ပြီးဆုံးခြင်း
သင်အတွက် အွန်းစမ်းဝင်ရောက်ခြင်း ပြီးဆုံးပါပြီ။ အွန်းစမ်းအခန်းထဲမှထွက်လိုက်ပါ။
သင့်လော့ကာရှိရာသွားရောက်ပါ။ လော့ကာသော့ကိုဖွင့်ပြီး အတွင်းတွင်ထားခဲ့သောသဘက်အကြီးဖြင့် သင်ကိုယ်ကို ခြောက်အောင်သုတ်ပါ။ အကျီ ၊ ဘောင်းဘီ စသည်တို့ကိုပြန်လည်ဝတ်ဆင်ပါ။
ထို့နောက်မူလသင်ဝင်ရောက်ခဲ့သော အပြာရောင်လိုက်ကာကိုတွန်းဖယ်ပြီး အပြင်သို့ထွက်လိုက်ပါ။
သေချာသည်မှာ သင်မျက်နှာများနီရဲနေလိမ့်မည်။ သင်သည် ချွေးထွက်သွားသောကြောင့် သင်၏
ကိုယ်တွင်းရှိ အစိုဓါတ်များကို ဆုံးရှုံးစေပါသည်။ ထို့ကြောင့် ကိုယ်တွင်းအစိုဓါတ်ကို ပြန်လည်ရရှိစေရန်
အတွက် အချိုရည်သို့မဟုတ် ရေနွေးကိုသောက်သုံးပေးပါ။
သင်ရေသောက်နေပုံ
၅။ အနားယူပါ။
သင်ကိုယ်ခန္ဒာသည် ရေပူတွင် ဝင်ရောက်စိမ်နေသောအခါ စွမ်းအင်များဆုံရှုံးသွားပါသည်။
ထို့ကြောင့်ဆုံးရှုံးသွားသောစွမ်းအင်များပြန်လည်ရရှိစေရန်အတွက် မိနစ်သုံးဆယ်ခန့်အနားယူသင့်ပါသည်။
ထိုအတွက် အွန်းစမ်းအပြင်ဘက်တွင်ရှိသော စားသောက်ဆိုင်တစ်ခုခုတွင် အစားအသောက်များ
မှာယူစားသောက်လိုက်ပါ။ သို့မဟုတ် မိမိအိမ်သို့ပြန်ရောက်ပြီး မိသားစုနှင့် အနားယူပါ။
သင်အနားယူနေပုံ
နောက်ဆုံးအနေနဲ့ မှာလိုက်မယ်နော်...
သင်ရေချိုးတဲ့အခါ။
၁- ချွေးနဲ့ အညစ်အကြေးတွေကိုသေချာစွာဆေးကြောပါ။ (အွန်းစမ်းအတွင်းမညစ်ပတ်စေဖို့)
၂- သဘက်ကို ရေထဲမကျစေပါနဲ့။ (မိမိအညစ်အကြေးများ ရေထဲပြန်မကျစေဖို့)
၃- ရေကန်ထဲတွင်ရေကူးခြင်းမပြုလုပ်ပါနဲ့။ (အများကို အနှောက်အယှက်မဖြစ်စေဖို့)
နောက်ဆုံးမေးခွန်း။
သင်အခု အွန်းစမ်းဝင်ပြီးသွားပါပြီ။
နောက်ထပ်အွန်းစမ်းဝင်ချင်စိတ်ရှိသေးလား။
သင်ရှက်နေသေးလား။
စပြီး ဝင်ဝင်ခြင်းတော့ ရှက်သလိုလိုဘဲ ဒါပေမယ့် ပြန်ထွက်လာတဲ့အချိန်ကျတော့
ရှက်တာကိုသတိမထားမိသလိုဖြစ်သွားတယ်နော်။
ပိုပြီးလေ့လာချင်သေးရင်တော့ အွန်းစမ်းကို သွားပြီးလေ့လာနော်။
ရေးသားသူ - ဆက်ပိုင်
0 comments:
Post a Comment
အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)