ရှီဘုယရဲ့နာမည်ကျော် ဟချိကို (Hachiko)


ခွေးအမည် - ဟချိကို
ဇာတိ  -  အခိတဒေသ
ပိုင်ရှင် -   ဟိဒဲစဘုလော အုအဲနို
မွေးဖွားခြင်း -  ၁၉၂၃၊ နိုဝင်ဘာ ၁၀ ရက် (အခိတ ခရိုင်၊ အိုဒတဲ မြို့အနီး)
သေဆုံးခြင်း - ၁၉၃၅၊ မတ်လ ၈ ရက် (တိုကျို၊ ရှီဘုယ)
သက်တမ်း -  ၁၁နှစ်

နာမည်ကြီးရခြင်း - သေဆုံးသွားသောမိမိသခင်ကို (၉)နှစ်ကြာစောင့်ဆိုင်းနေခြင်း။
အရောင် - Golden light brown with white (peach white) color on the upper face

ဟချိကို ဆိုသည်မှာ....

ဟချိကိုဆိုသည်မှာ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။
ဇာတိကတော့ ဂျပန်နိုင်ငံမြောက်ပိုင်းက တောင်တန်းတွေမှာပေါများတဲ့ အခိတ ဒေသကပါ။
အရောင်ကတော့ကြေးညိုရောင်ရှိတဲ့ ခွေးထီးလေးပါ။ ၁၉၂၄ခုနှစ်မှာတော့ အခိတဒေသကနေပြီး
ဟချိကိုဟာ ရှီဘုယကိုရောက်လာခဲ့ပါတယ်။ ရှီဘုယရောက်လာတော့ တိုကျိုတက္ကသိုလ်စိုက်ပျိုးရေးဌာနက
ပရောဖက်ဆာကြီး ဟိဒဲစဘုလော အုအဲနိုဆိုသူနဲ့တွေ့ဆုံကာသခင်အသစ်ကို ရရှိသွားပါတော့တယ်။
(အဲဒီမှာ ဟချိကိုဆိုတဲ့ဇာတ်လမ်းဟာ စတင်ခဲ့ပါတော့တယ်။)

ဟချိကို ဟာဘာကြောင့်နာမည်ကြီးတာလဲ။

ဟချိကိုရဲ့နာမည်ကြီးရတဲ့အကြောင်းကတော့ သခင်အပေါ်ကို သစ္စာရှိလွန်းတာကြောင့်ဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေက သစ္စာရှိသောဟချိကိုဆိုပြီး (Chuuken Hachiko)လို့ခေါ်ဆိုကြပါတယ်။

ဟချိကို ဇာတ်လမ်း..

ပရောဖက်ဆာကြီး ဟိဒဲစဘုလော အုအဲနိုဟာ  တိုကျို သို့မနက်တိုင်း အလုပ်သွားရပါတယ်။
ဟချိကိုဟာ နေ့တိုင်းနေ့တိုင်း သူရဲ့သခင်အလုပ်ပြန်ချိန်ဆိုရင် ရှီဘုယဘူတာရုံနားမှာလာရောက်ပြီး
ကြိုဆိုလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်ကြာလာတဲ့အထိ မပျက်ကွက်ခဲ့ပါဘူး။ သို့ပေမယ့် ၁၉၂၅ခုနှစ်
မေလရောက်တဲ့အခါမှာတော့ ဟချိကိုရဲ့သခင်ဟာ Cerebral Hemorrhage  ဆိုတဲ့ ဦးနှောက်ထဲမှာ
အကျိပ်ဖြစ်နေတဲ့ရောဂါဝေဒနာကိုပြင်းထန်စွာခံစားရပြီး အလုပ်ကိုသွားရင်း အိမ်ကိုပြန်လာနိုင်ခြင်းမရှိ
တော့ပါဘူး။ ဟချိကို ကိုနှုတ်မဆက်ဘဲ လူ့လောကမှ ထွက်ခွါသွားခဲ့ပါတယ်။ ဒါပေမယ့် ဟချိကိုလေးဟာ သခင့်ပြန်အလာမယ့်နေ့ကို ပြန်လာနိုး....ပြန်လာနိုးနဲ့ စောင့်နေခဲ့ပါတယ်။

ဟချိကိုဟာ သူ့သခင်ကိုတစ်ရက်ထဲစောင့်နေတာမဟုတ်ပါဘူး။
နေ့စဉ်ရက်ဆက် ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် စောင့်နေမြဲ စောင့်နေဆဲဖြစ်ပါတယ်။
မိုးရွာတဲ့နေလည်း စောင့်ပါတယ်။ နှင်းတွေအရမ်းကျ နေတဲ့နေတွေလည်း မပျက်ကွက်ခဲ့ပါဘူး။
နေသာတဲ့နေမှာလည်း ရှီဘူယဘူတာရှေ့မှာ ဟချိကိုရှိနေခဲ့ပါတယ်။ ဒီလိုစောင့်ဆိုင်းနေလာခဲ့တာ
(၉)နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ပါပြီ။ ဟချိကိုဆိုတဲ့ခွေးလေးဟာ သခင်ကိုချစ်တဲ့စိတ်၊
သစ္စာစောင့်သိမှုတွေဟာ လူသားတွေကတောင် နမူနာယူစရာသာဓကတစ်ခုဖြစ်လာခဲ့ပါတော့တယ်။

လမ်းသွားလမ်းလာတွေကတောင် ဟချိကိုဆိုတဲ့ခွေးလေးကို အံ့သြသင့်ရပါတော့တယ်။
ဒီလိုနဲ့ ဘူတာရုံကိုလာတဲ့လူတွေက ဟချကိုလေးကို အစာတွေကျွေးမွေးပြီးတစ်စတစ်စ သံယောဇဉ်တွေ
တွယ်လာပါတော့တယ်။ ရှိဘုယဘူတာနဲ့ ဟချိကိုဟာ ခွဲခြားမရအောင်ဖြစ်လာပါတော့တယ်။
၁၉၃၅ ခုနှစ် မတ်လ ၈ရက်နေ့မှာတော့ ရှိဘုယရဲ့လမ်းမတစ်နေရာမှာ ဟချိကိုလေးဟာ
ဇရာထောင်းလာပြီး လဲကျသေဆုံးသွားပါတော့တယ်။

ဟချိကို သေဆုံးခြင်း

ဟချိကိုဆိုတဲ့ ခွေးလေးဟာသူ့ရဲ့သခင်ဖြစ်သူ ပြန်လာမယ့်နေ့ကို ၉နှစ်တိုင်တိုင်၊ အသက်သေဆုံးသည့်တိုင်
သစ္စာရှိစွာစောင့်ဆိုင်းခဲ့တယ်ဆိုတဲ့ဖြစ်ရပ်ဟာ လူတွေအတွက်တောင်ကြက်သီးထလောက်ပါတယ်။
ဟချိကိုလေးသေဆုံးသွားပြီးနောက် ဘူတာရုံကိုလာတဲ့သူတိုင်းဟာ ဟချိကိုလေးကို မေ့မရနိုင်ဖြစ်နေပါ
တော့တယ်။ ဘူတာရုံကထွက်လိုက်တာနဲ့ လေးဘက်ထောက်ပြီးထိုင်စောင့်နေတဲ့ ခွေးကလေးကိုမြင်
ယောင်နေမိပါတော့တယ်။

 ဟချိကို ရုပ်တု

၁၉၃၄ ဧပြီလမှာတော့ ဟချိကို ကိုချစ်တဲ့သူတွေက ဟချိကိုအမှတ်တရအဖြစ် ရှီဘုယဘူတာရှေ့မှာ
ဟချိကိုရဲ့ကြေးရုပ်ထုကို ထုလုပ်ခဲ့ပါတော့တယ်။ ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ဟချိကိုရုပ်တုလေးဟာ
ပျက်ဆီးခဲ့ရပြန်ပါတယ်။ ၁၉၄၈ခုနှစ်ရောက်တော့ မူလဟချိကိုရုပ်ထုကိုထုလုပ်ခဲ့သူရဲ့သားဖြစ်သူ
တခဲရှိ အန်ဒို ဆိုသူက အသစ်ထပ်မံထုလုပ်ခဲ့ပါတယ်။ ၁၉၄၈ သြဂုတ်လမှာပြီးဆီးခဲ့ပါတယ်။
ရှီဘုယဘူတာရဲ့အပေါက် ၅ပေါက်ရှိတဲ့အနက် ဟချိကိုရုပ်တုရှိတဲ့ဘူတာရုံပေါက်ကို ဟချိကိုထွက်ပေါက်လို့
ဂုဏ်ပြုခေါ်ဆိုကြပါတယ်။

ဟချိကို အုတ်ဂူ

ဟချိကို ခွေးကလေးကို သေဆုံးသွားပြီးနောက်သခင်ဖြစ်သူရဲ့ အုတ်ဂူဘေးမှာ မြုပ်နှံပေးခဲ့ကြပါတယ်။
သခင်ကိုချစ်တဲ့ ဟချိကိုလေးဟာ အခုဆိုရင် သူ့ရဲ့သခင်ဖြစ်သူဘေးမှာထာဝရ လဲလျောင်းနေပါတော့တယ်။

အကယ်၍သင်လည်း ဂျပန်နိုင်ငံ၊ တိုကျို နားက ရှီဘူယဆိုတဲ့ဘူတာနားကိုရောက်ရင် ဟချိကို ရုပ်တုရှေ့မှာ
အမှတ်တရဓါတ်ပုံလေး ရိုက်ခဲ့ပါနော်။

အသေးစိပ်ဖတ်ရှုလိုပါက ဟာချိကို  တွင်ဖတ်ရှုနိုင်ပါသည်။

ရေးသားသူ - ဆက်ပိုင်

1 comment:

  1. ကျေးဇူးတင်ပါသည်ဆရာ။

    ReplyDelete

အချင်းချင်းအားပေး၍ လက်တွဲဆောင်ရွက်ပြီးအောင်မြင်မှုရအောင်ကြိုးစားကြပါစို့။
(ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုပါသဖြင့် Comment ရေးသားပြီး ပူးပေါင်းကူညီပေးပါ။)
သင့်နှင့်တကွ အားလုံးအတွက် ကျွန်ုပ်ဘလော့ရေးနေခြင်းဖြစ်သည်။
သင့်ဆန္ဒကို Comment ရေးပြီးဖော်ပြနိုင်ပါသည်။
တိုက်ရိုက်ဆက်သွယ်လိုပါက Email ပို့ပေးပါ။ (setpaing@gmail.com)

Related Posts Plugin for WordPress, Blogger...

 
back to top