ကျွန်တော်လွန်ခဲ့တဲ့(၅)နှစ်အကြာက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့လေးကိုအလည်ရောက်ခဲ့ပါတယ်။
ဟီရိုရှီးမားဆိုတာ ဂျပန်နိုင်ငံရဲ့သမိုင်းစာမျက်နှာမှာ မေ့မရတဲ့နေ့စွဲတွေရှိခဲ့တဲ့နေရာလေးပေါ့။
ဂျပန်လူမျိုးတွေအတွက်သာမက ကမ္ဘာပေါ်ကလူသားတိုင်းအတွက် သင်ခန်းစာတွေပြည့်နှက်နေတယ်
ဆိုရင်မှားမယ်မထင်ပါဘူး။ စိတ်ဓါတ်ပြင်းထန်တယ်ဆိုတဲ့ ဂျပန်လူမျိုးတွေတောင် တုန်လှုပ်ခြောက်ခြားမှု၊
တွေဝေငေးမောမှု၊ နာကြည်းမှုစတာတွေကို ခံစားသွားစေခဲ့တဲ့နေရာပေါ့။
ကျွန်တော်အခုရေးသားမယ့်ပိုစ့်လေးကို စာဖတ်သူများ သေသေချာချာပြီးဆုံးတဲ့အထိဖတ်စေချင်ပါတယ်။
ဓါတ်ပုံလေးတွေနဲ့အကွ အသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်။ ဟီရိုရှီးမားမြို့လေးကိုမရောက်ပေမယ့်
ဟီရိုရှီးမားမှသင်ခန်းစာများကိုလက်တွေ့နားလည် ခံစားစေမှာဖြစ်ပါတယ်။ တစ်နည်း အနုမြူ ဗုံးရဲ့ဆိုးကျိုး
တွေကိုနားလည်သွားမည်ဖြစ်ပါသည်။
.....................................................................................................................................
Genbaku Dome (အနုမြူ ဗုံးဒဏ်ခံအမိုးခုံးအဆောက်အဦး)
အောက်ကပုံလေးကိုကြည့်ပါ။
တစ်ပိုင်းတစ်စ ပျက်ဆီးနေပြီး ခေါင်မိုးမရှိတော့တဲ့ အဆောက်အဦးတစ်ခုပုံပါ။
အဲဒီအဆောက်အဦးက ဂျပန်သမိုင်း၊ ကမ္ဘာသမိုင်းကိုသင်ခန်းစာတွေပြည့်နှက်စေခဲ့တာပေါ့။
အခုတော့ ကမ္ဘာငြိမ်းချမ်းရေးကိုထိမ်းသိမ်းဖို့နေရာလေးတစ်နေရာဖြစ်ခဲ့ပါပြီ။
ဒီအဆောက်အဦးအမည်က Genbaku Dōmu (原爆ドーム, A-Bomb Dome) လို့ခေါ်ပါတယ်။
Genbaku = အနုမြူ ဗုံး (Atomic Bomb, A-Bomb)
Doomu = အမိုးခုံးအဆောက်အဦး (Dome)
အနုမြူ ဗုံးကျခဲ့ရာဒေသရှိ အမိုးခုံးအဆောက်အဦးလို့ခေါ်ဆိုရမှာဖြစ်ပါတယ်။
ဒီအဆောက်အဦးရဲ့သမိုင်းကို ဆက်လက်ရှင်းပြပါမယ်။
ဒါ့အပြင် Hiroshima Peace Memorial (広島平和記念碑 Hiroshima heiwa kinenhi)လို့လဲ
ခေါ်ပါသေးတယ်။ ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရအဆောက်အဦးပေါ့။
Genbaku Dome ရဲ့သမိုင်းကြောင်း
ဒီအဆောက်အဦးကို ဒီဇိုင်းပုံစံထုတ်ခဲ့သူကတော့ ဂျပန်လူမျိုးမဟုတ်ဘဲ ချက်ဇ်လူမျိုး ဗိသုကာပညာရှင်
ဂျန်လက်ဇဲ (Jan Letzel)ဆိုသူဖြစ်ပါတယ်။ ဒီအဆောက်အဦးရဲ့ထူးခြားတဲ့အပိုင်းကတော့ မြင်သာထင်ရှား
တဲ့ အမိုးခုံးတွေဘဲဖြစ်ပါတယ်။ ၁၉၁၅ခုနှစ်မှာတည်ဆောက်မှုပြီးစီးခဲ့ပြီး ဟီရိုရှီးမားဒေသစီးပွားရေးပြခန်း
အဆောက်အဦး Hiroshima Prefectural Commercial Exhibition (HMI)လို့ခေါ်တွင်ခဲ့ပါတယ်။
တရားဝင်ဖွင့်လှစ်ခဲ့တာကတော့ ၁၉၁၅ခုနှစ် သြဂုတ်လမှာဖြစ်ပါတယ်။ ထိုအဆောက်အဦးကို ၁၉၂၁ခုနှစ်
တွင် ဟီရိုရှီးမားဒေသထွက်ကုန်ပစ္စည်းပြသမှုအဆောက်အဦး Hiroshima Prefectural Products
Exhibition Hall အဖြစ်လည်းကောင်း၊ ၁၉၃၃ ခုနှစ်တွင် ဟီရိုရှိးမားဒေသစက်မှုထွက်ကုန်အရောင်းမြင့်တင်
ရေးအဆောက်အဦး Hiroshima Prefectural Industrial Promotion Hall အဖြစ်လည်းကောင်းထပ်မံ
အမည်ပြောင်းလဲခဲ့ပါတယ်။
ဤအဆောက်အဦးသည် အအိအိုအိ တံတား (Aioi Bridge)အနီး၊ စီးပွားရေးအချက်အခြာကျရာနေရာတွင်
တည်ရှိပါသည်။ မူလကအဓိကအားဖြင့် အနုပညာနှင့် ပညာရေးဆိုင်ရာပြပွဲများကိုကျင်းပခဲ့ပါတယ်။
ဟီရိုရှီးမား၏ အနုမြူ ဗုံးကျဲချ ရာဗဟိုချက်မအနီးတွင် ကျန်ရစ်သော တစ်ခုတည်းသောအဆောက်အဦးလည်း
ဖြစ်ပါသည်။ အနုမြူ ဗုံးဒဏ်ကိုခံခဲ့ရသော အမိုးခုံးအဆောက်အဦးဖြစ်သောကြောင့် Genbaku Domu ဟု
အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။
ထိုအဆောက်အဦးတည်ဆောက်ထားပုံသည် ပျက်ဆီးနေသောအပိုင်းအစများကို ဖယ်ရှားလိုက်ပြီး၊
အဓိကအစိတ်အပိုင်းများကို မူလအတိုင်းပြု ပြင်ကာ ပျက်ဆီးမှုကိုတားဆီးထားခဲ့သည်။ ထိုအဆောက်အဦး
သည် အနုမြူ ဗုံးကျရောက်ရာနေရာနှင့် ငြိမ်းချမ်းရေးသင်္ကေတအဖြစ်အမှတ်တရထားရှိလိုသောသူများ
အုပ်စုနှင့် ဖြိုဖျက်လိုသူများအုပ်စုတို့အကြား အငြင်းပွားမှုများကိုဖြစ်စေခဲ့ပါသည်။
နောက်ဆုံးမှာတော့ ဟီရိုရှီးမားမြို့ကိုပြန်လည်တည်ဆောက်ကြသောအခါတွင် အရိုးပြိုင်းပြိုင်းကျနေသော
ထိုအဆောက်အဦးကို မပျက်ဆီးအောင်ပြန်လည်တည်ဆောက်ခဲ့ကြလေသည်။
၁၉၅၀ခုနှစ်မှ ၁၉၆၄ခုနှစ်အတွင်း၊ ဟီရိုရှီးမားငြိမ်းချမ်းရေးအမှတ်တရပန်းခြံကို ထိုအဆောက်အဦးအနီးတွင်
တည်ဆောက်ခဲ့ကြပါသည်။ ဟီရိုရှီးမားမြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် ၁၉၆၆ခုနှစ်တွင် ထိုအမိုးခုံး
အဆောက်အဦးကို ထာဝရပြု ပြင်မွမ်းမံမှုများပြုလုပ်ကြရန် သဘောတူဆုံးဖြတ်ခဲ့ကြလေသည်။ ထိုအမိုးခုံး
အဆောက်အဦးသည် ငြိမ်းချမ်းရေးအမှတ်တရပန်းခြံ၏အထင်ကရ နေရာတစ်နေရာအဖြစ်ဆက်လက်
ရပ်တည်နေပါတော့သည်။
..................................................................................................................................
သင့်ကိုမေးခွန်းအနည်းငယ်မေးခွင့်ပြုပါ။
၁။ အနုမြူ ဗုံးဆိုတာကိုသင်သိပါသလား။
၂။ အနုမြူ ဗုံးရဲ့အန္တရယ်ကိုရောသင်သိပါသလား။
၃။ အနုမြူ ဗုံးကြဲလိုက်ရင်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအန္တရယ်ကိုရောသိပါသလား။
၎။ ကမ္ဘာမှာပထမဆုံးအနုမြူ ဗုံးကြဲချခံလိုက်ရတဲ့မြို့ကိုသင်သိပါသလား။
၅။ အနုမြူ ဗုံးတစ်လုံးသည် လူပေါင်းများစွာကိုသေစေနိုင်သည်ကိုသင်ယုံပါသလား။
၆။ ဟီရိုရှီးမားမြို့လေးမှာ အနုမြူ ဗုံးပေါက်ကွဲခဲ့တာကိုသင်သိပါသလား။
၇။ ဟီရိုရှီးမားရဲ့အနုမြူ ဗုံးပေါက်ကွဲမှုကိုသင်ခန်းစာရဖို့ထားရှိတဲ့အဆောက်အဦးကိုသိပါသလား။
.................................................................................................................................................
အနုမြူ ဗုံးကြဲချ ခံခဲ့ရတဲ့နေရာများ
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အမေရိကန်စစ်တပ်ကနေ ဂျပန်နိုင်ငံရဲ့စစ်စခန်းတွေရှိတဲ့နေရာနှစ်ခုကို
အနုမြူ ဗုံးကြဲချခဲ့ပါတယ်။ အဲဒီနေရာတွေကတော့ ဟီရိုရှီးမားမြို့နဲ့ နာကာစကီမြို့တို့ဘဲဖြစ်ပါတယ်။
ဟီရိုရှီးမားမြို့နဲ့ နာကာစကီမြို့တည်နေရာကို အောက်မှာဖော်ပြထားတဲ့ မြေပုံမှာကြည့်နိုင်ပါတယ်။
...................................................................................................................................
ဗုံးကြဲခြင်းဆိုင်ရာအချက်အလက်များ
ဗုံးကြဲသည့်နေရာ - ဟီရိုရှီးမားမြို့
ဗုံးကြဲသည့်အဓိကပစ်မှတ်နေရာ - အအိအိုအိ တံတား (T ပုံစံတံတား)
ဗုံးကြဲသည့်နေ့ - ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက် (တနင်္လာနေ့)
ဗုံးကြဲချိန် - နံနက် - ၈နာရီ ၁၅မိနစ် ၁၇ စက္ကန့်
အဘယ့်ကြောင့်အမေရိကန်တို့က ဟီရိုရှီးမားကိုအနုမြူ ဗုံးကြဲခဲ့ပါသနည်း။
ဂျပန်တို့သည် အမေရိကန်စစ်ရေတပ်စခန်းရှိရာပုလဲဆိပ်ကမ်းကို လေယာဉ်ပျံများဖြင့် ဝင်ရောက်ဗုံးကြဲခဲ့ပြီး
ဒုတိယကမ္ဘာစစ်မျက်နှာပြင်သို့ဝင်ရောက်ခဲ့လေသည်။ အမေရိကန်တို့အနေဖြင့် စိတ်ဓါတ်ပြင်းထန်လှသော
ဂျပန်တို့ကိုအနိုင်ရယူနိုင်ရန်တစ်ခုတည်းသောနည်းလမ်းမှာ ဂျပန်စစ်စခန်းများရှိရာဒေသကို ပြင်းထန်စွာ
ဖျက်ဆီးပစ်ရန်မှတစ်ပါး အခြားမရှိတော့ပြီဖြစ်လေသည်။ ထိုကြောင့်အမေရိကန်စစ်ဗိုလ်ချုပ်တို့သည် မူလက
လျို့ဝှက်စွာတီထွင်ပြုလုပ်ထားသော အနုမြူ ဗုံးကိုလက်တွေ့အသုံးချခြင်းဖြစ်လေတော့သည်။
ဟီရိုရှီးမားမြို့သည် ဟွန်းရှူးကျွန်းတောင်ပိုင်းရှိ အဓိကဆိပ်ကမ်းမြို့ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး
စစ်ရုံးချုပ်ဖြစ်ကာ စစ်သားအင်အား ၄၀၀၀၀ယောက်ရှိလေသည်။ ထို့ကြောင့်ပထမဆုံးကြဲချမည့်မြို့ကို
ရွေးချယ်ရာတွင် ဟီရိုရှီးမားမြို့ကိုရွေးချယ်ခဲ့ရလေသည်။
မည်သည့်နေရာကိုအဓိကပစ်မှတ်အဖြစ် ဗုံးကြဲပါသနည်း။
ဟွန်းခယမြစ်နှင့် မိုတိုယစုမြစ်တို့ဆုံရာ ဟီရိုရှီးမားမြို့လယ်ခေါင်အနီးရှိ တီပုံသဏန်(T)တံတား။
ဟီရိုရှီးမားမြို့၏အဓိက လူစည်ကားရာနေရာ၊ အဓိကစီးပွားရေးလုပ်ငန်းများတည်ရှိရာနေရာ၊ အဓိက လမ်းပန်းဆက်သွယ်ရေးနေရာဖြစ်သော T ပုံသဏာန်ရှိသည့် အအိအိုအိ တံတား (Aioi Bridge)ကို
ဖျက်ဆီးပစ်ရန်ဖြစ်သည်။ ထိုတံတားကိုဖျက်ဆီးလိုက်ခြင်းဖြင့် ဟီရိုရှီးမားဒေသ၏ လမ်းပန်းဆက်သွယ်ရေး
ပျက်ပြားသွားပြီး ထိုဒေသတွင်တပ်စွဲထားသော ဂျပန်မြေပြင်စစ်စခန်းနှင့် ရေတပ်စစ်စခန်းတို့အခက်အခဲ
များစွာဖြစ်စေပြီး တိုက်ပွဲအရှိန်ကိုတန့်စေမည်ဖြစ်သည်။
ဟီရိုရှီးမားမြို့ပေါ်သို့ကြဲချမည့်ဗုံးအကြောင်းကိုသင်သိပါသလား။
ဗုံးကြဲချရန်အမိန့်ညွှန်ကြားချက်ထုတ်ခြင်း
၁၉၄၅ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့တွင် ပစိဖိတ်ဒေသရှိ အမေရိကန်ပြည်ထောင်စု လေကြောင်းနည်းဗျူဟာ
တပ်ဖွဲ့မှ ဗိုလ်ချုပ် ကားလ်စပတ်သည် ဂျပန်နိုင်ငံကိုတိုက်ခိုက်ရန်အတွက် အထူးပြုလုပ်ထားသောဗုံးကိုကြဲချ
မိန့်ကိုညွှန်ကြားခဲ့လေသည်။
ထိုဗုံးကိုပြုလုပ်ရာတွင် လျို့ဝှက်စွာတပ်ဆင်ပြုလုပ်ခဲ့ပြီး အင်ဂိုလာဂေးဟုခေါ်သော ဗုံးကြဲလေယာဉ်ပျံကြီးတွင်
တင်ဆောင်ခဲ့လေသည်။ ထိုဗုံးတွင် ယူရေနီယံ အိုင်ဆိုတုပ် ၂၃၅ ယူနစ်ပါဝင်ပြီး ရာပေါင်းများစွာသော
ခဲသတ္တု တို့ဖြင့်ကိုယ်ထည်ကိုပြုလုပ်ထားပါသည်။ ထိုကောင်ကလေးဟုခေါ်သော အနုမြူ ဗုံး၏ပေါက်ကွဲအား
သည် တီအန်တီယမ်းတန်ပေါင်း ၁၈၀၀၀တန်၏ပေါက်ကွဲအားနှင့်ညီမျှပါသည်။ ဗုံးပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်
လာသော ပေါက်ကွဲမှုဗဟိုချက်နေရာ၏ဖိအားမှာ တစ်မီတာလျှင် ၃၅တန်ဖိအားနှုန်းရှိလေသည်။
ဗုံးအတိုင်းအတာ
ဗုံးအရှည် (အလျား) = ၁၀ ပေ (၃မီတာ)
ဗုံးကန့်လန့်ဖြတ်အလျား = ၃၀ လက်မ (၇၅စင်တီမီတာ)
ဗုံးအလေးချိန် = ၅တန်ခန့်
ပေါက်ကွဲအား = တီအမ်တီယန်းအား တန် ၁၈၀၀၀ခန့်
(http://www.hiroshima-remembered.com/history/hiroshima/page7.html)အရဖော်ပြချက်
ဗုံးအမည် - ကောင်ကလေး (Little Boy)
ဗုံးကြဲချ မည့်လေယာဉ်အကြောင်းကိုသင်သိပါသလား။
ဗုံးသယ်သည့်လေယာဉ်အမည် - အန်နိုလာဂေး (Enola Gay)
လေယာဉ်အမျိုးအစား - အမေရိကန် ဘီ ၂၉ ဗုံးကြဲလေယာဉ် (American B-29 Bomber)
လေယာဉ်မောင်း(အဓိက) - ဗိုလ်မှူးကြီး ပေါလ်တိဘတ်(စ်) (Colonel Paul Tibbets)
(အောက်ပုံ - အလယ်ခေါင်တွင်ရပ်နေသူမှာ ဗိုလ်မှူးကြီး ပေါလ်တိဘတ်(စ်) ဖြစ်ပါသည်။)
လေယာဉ်မောင်း(လက်ထောက်) - ဗိုလ်ကြီး ရောဘတ်လူးဝစ်
မည်သည့်နေရာမှ ဗုံးကြဲရန်ပျံသန်းလာပါသနည်း။
၁၉၄၅ခုနှစ် သြဂုတ်လ ၆ ရက် မနက် ၈နာရီ ၄၅ မိနစ်တွင် အမေရိကန် B-29 ဗုံးကြဲလေယာဉ်ကြီးတစ်စင်း
သည် ဒုတိယကမ္ဘာစစ်ကြီးကာလအတွင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့လေးပေါ်သို့ ပထမဆုံးအနုမြူ ဗုံးတစ်လုံး
ကို ကြဲချရန်အတွက်တီနီအန်းကျွန်းမှပျံသန်းလာခဲ့ပါတယ်။ (မြေပုံတွင်ကြည့်ပါ။)
အနုမြူ ဗုံးပေါက်ကွဲမှုပုံစံကိုသင်သိပါသလား။
ဟီရိုရှီးမားကောင်းကင်ယံ အမြင့်ပေ ၂၆၀၀၀ခန့်အကွာ၊ B-29 ဗုံးကြဲလေယာဉ်ပေါ်မှ ဗုံးကြဲချလိုက်ပါသည်။
ဗုံးကြဲချ ပြီးနောက်လေယာဉ်မောင်းဖြစ်သူ ဗိုလ်မှူးကြီး ပေါလ်တိဘတ်(စ်)သည် ချက်ချင်းနောက်ပြန်
လှည့်ကာ မိမိလာရာလမ်းကိုမောင်းနှင်ခဲ့ပါလေသည်။ ကောင်းကင်ယံမှလည်ပြန်လှည့်အကြည့်တွင်
အနုမြူ ဗုံး၏ဆိုးရွားသောပေါက်ကွဲမှုကိုနားမလည်နိုင်သောမျက်လုံးတစ်စုံဖြင့်မြင်တွေခဲ့ရလေတော့သည်။
လက်ထောက်လေယာဉ်မောင်းဖြစ်သူ ဗိုလ်ကြီး ရောဘတ် လူးဝစ်သည် ထိုမှိုပွင့်ပုံစံ ပေါက်ကွဲမှုကြီးကို
တွေ့မြင်လိုက်သောအခါ "ဘုရားရေ...ငါတို့ဘာတွေလုပ်ခဲ့မိပါလိမ့်.."ဟုရေရွတ်မြည်တမ်းခဲ့လေသည်။
ကာယကံရှင်ကိုယ်တိုင် ထိတ်လန့်တုန်လှုပ်ခဲ့ရသောဖြစ်ရပ်ကြီးဖြစ်လေသည်။
အမေရိကန်တို့၏ သတ်မှတ်ထားသောပစ်မှတ်ကို ထိမှန်ခဲ့ပါသလား။
လွဲချော်ခဲ့ပါသည်။
အင်ဂိုလာဂေးလေယာဉ်သည် ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက် ဒေသစံတော်ချိန် နံနက် ၈နာရီ ၁၅မိနစ်
၁၇စက္ကန့်တွင် ကြဲချလိုက်ပါသည်။ လေယာဉ်ပေါ်မှ ကြဲချပြီး ၄၃ စက္ကန့်အကြာတွင် အနုမြူ ဗုံးသည်
သတ်မှတ်ထားသော နေရာနှင့် ၂၄၀ မီတာ (၇၉၀ ပေ)ခန့်လွဲချော်သွားပြီး ဟီရိုရှီးမားမြို့လေးပေါ်သို့
ပေါက်ကွဲခဲ့ပါတော့သည်။
ဖောက်ခွဲရန်သတ်မှတ်ထားသော အအိအိုအိ(Aioi Bridge) တံတားကိုလွဲချော်ပြီး၊ ရှိမခွဲစိပ်ဆေးရုံ
(Shima Hospital) ပေါ်သို့တိုက်ရိုက်ကျရောက်ပေါက်ကွဲခဲ့လေသည်။ ထိုပေါက်ကွဲရာနေရာသည်
ဟီရိုရှီးမား ငြိမ်းချမ်းရေးအမှတ်တရအဆောက်အဦး (Genbaku Dome)နှင့် အလွန်နီးကပ်သောနေရာ
ဖြစ်ပါသည်။ ထိုဗုံးသည် ဟီရိုရှီးမားမြို့ ကောင်းကင်ယံ ပေ ၁၉၀၀ခန့်တွင်ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ပါသည်။
အနုမြူ ဗုံးပေါက်ကွဲမှုနှင့် နောက်ဆက်တွဲဖြစ်ရပ်များကိုသင်သိပါသလား။
အနုမြူ ဗုံးသည် ထိုအဆောက်အဦးအပေါ်တည့်တည့်နီးပါးကောင်းကင်ယံတွင် တိုက်ရိုက်ပေါက်ကွဲခဲ့
ပါသည်။ ထိုအဆောက်အဦးကို မူလအတိုင်းပြန်လည်ထိမ်းသိမ်းနိုင်ခဲ့သော်လည်း အတွင်းတွင်
ရှိနေသောလူများအားလုံးမှာ ပေါက်ကွဲမှုနှင့်အတူချက်ချင်းသေဆုံးခဲ့လေသည်။ ထောင်ပေါင်းများစွာသော
လူများမှာမီးလောင်ဒဏ်ရာများဖြင့်ဆူညံစွာအော်ဟစ်ရင်း မြစ်ချောင်းများထဲသို့ပြေးဆင်းကြသော်လည်း
မြစ်အတွင်းမှရေများသည်လည်း ရေနွေးပမာပူနေသောကြောင့် မီးလောင်ရာကို ရေနွေးဖျောသကဲ့သို့
ဖြစ်ကုန်ကြပြီး မရှုမလှသေကျရပြန်လေသည်။ မြစ်ချောင်းများထဲတွင် လူသေကောင်များဖြင့် ပြည့်နှက်နေ
လေတော့သည်။
မီးဘောလုံး (Fire Ball)
ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော အပူချိန်မှာ ခန့်မှန်းခြေ တစ်သန်းဒီဂရီစင်တီဂရိတ်ကျော်အထိ
ရောက်ရှိခဲ့ပါသည်။ ထိုအပူချိန်သည်ပတ်ဝန်းကျင်လေထုကို မီးလောင်စေပြီး အချင်း ၈၄၀ပေအကွာခန့်
မီးဘောလုံးသဖွယ်အပူလှိုင်းကိုဖြစ်ပေါ်စေပါသည်။ ပေါက်ကွဲရာနေရာမှ ၅မိုင်အကွာတွင်ရှိနေသော
မျက်မြင်များ၏ထွက်ဆိုချက်မှာ ဗုံးပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာသော အရောင်တောက်ပမှုပမာဏသည်
နေဆယ်စင်းပမာဏရှိသည်ဟုပြောဆိုလေ့ရှိပါသည်။
မီးမုန်တိုင်း (Fire Strom)
ထို့နောက်တစ်စက္ကန့်အတွင်း မီးဘောလုံးကြီးသည် ပေ ၉၀၀ ခန့်အထိကြီးမားကျယ်ပြန့်လာပါသည်။
ဖြစ်ပေါ်လာသောလေပြင်းကြီးများကလည်း ၁၀မိုင်အကွာအဝေးရှိ အားလုံးသော ပြူ တင်းပေါက်များကို
အစိတ်စိတ်အမြွာမြွာကွဲကျေသွားစေပြီး ၃၇မိုင်အကွာအဝေးထိပင် ပျက်ဆီးမှုများကိုဖြစ်ပေါ်စေပါသည်။
ဟီရိုရှီးမားမြို့လေး၏ ၃ပုံ၂ပုံသောအဆောက်အဦးတို့မှာ တစစီဖြစ်သွားတော့လေသည်။ ရာပေါင်းများစွာ
သော မီးလောင်မှုများနှင့် မီးလောင်စေနိုင်သော အပူလှိုင်းတို့ပေါင်းစပ်ပြီး မီးမုန်တိုင်းတို့ကိုထပ်မံဖြစ်ပွား
စေကာ မြေပြင်မှ ၄.၄မိုင်အကွာခန့်အထိရှိသောအရာတို့ကို မီးလောင်တိုက်သွင်းပြီး ပြာကျသွားခဲ့လေတော့
သည်။
အက်ဆစ်မိုးမဲရွာသွန်းခြင်း (Black Rain)
ထို့နောက်ပေါက်ကွဲမှုဖြစ်ပြီး မိနစ် ၃၀ခန့်အကြာတွင် ဟီရိုရှီးမားမြို့၏ အနောက်မြောက်ဘက်ပိုင်းတွင်
ပြင်းထန်သောမိုးကြီးရွာသွန်းခဲ့လေသည်။ မိုးရွာသည်ဆိုသည်မှာ ကောင်းသောမိုးရွာသွန်းခြင်းမျိုးမဟုတ်ဘဲ
အမဲရောင်မိုးများ(Black Rain) ရွာသွန်းခြင်းဖြစ်လေသည်။ ထိုမိုးရေထဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ချိန်နှင့်
မီးလောင်ချိန်များတွင် ထွက်ပေါ်လာသော အညစ်အကြေးများ၊ ဖုန်မှုန့်များ၊မီးခိုးမှိုင်းများ၊ ကြပ်ခိုးများ၊
မြင့်မားသောရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်လေသည်။ ထိုပစ္စည်းများသည် ဗုံးပေါက်ကွဲရာနေရာနှင့်
ပေါက်ကွဲမှုနှင့်ဝေးကွာသောနေရာများတွင်ပင် အဆိပ်အတောက်ဖြစ်စေခဲ့လေသည်။
ဗုံးကြောင့်သေဆုံးမှုနှင့် အတိဒုက္ခရောက်မှုများ
ဗုံးကြောင့်ပွဲချင်းပြီးသေဆုံးသူ - ၈၀၀၀၀ယောက်မှ ၁၄၀၀၀၀ယောက်ခန့်
နောက်ဆက်တွဲဒဏ်ရာရသေဆုံးသူ - ၁၀၀၀၀၀ယောက်ကျော်
(ဓါတ်ရောင်ခြည်ဖြာထွက်မှုကြောင့် ဒဏ်ရာရကာသေဆုံးရခြင်းဖြစ်လေသည်။)
မြို့ပျက်စီးမှု - အဆောက်အဦး ၆၉%ခန့်ပျက်စီးသွားပြီး၊ အခြားပျက်စီးမှု ၇%ရှိသည်။
အောက်ပါပုံအတိုင်း အနုမြူ ဗုံးကြောင့် အပြစ်မဲ့ပြည်သူတို့ အစုလိုက်အပြုံလိုက်သေကြေပျက်စီးခဲ့ရ
လေသည်။
ဤကဲ့သို့မီးလောင်ဒဏ်ရာများဖြင့်သေဆုံးသူများမှာ လက်ညှိုးထိုးမလွဲမြင်တွေနေရလေသည်။
အသက်မသေကျန်နေသူများမှာလည်း ဤသို့ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။
ဒဏ်ရာများစွာဖြင့် အတိဒုက္ခရောက်ခဲ့ရ မရှုမလှသေဆုံးခဲ့ရပါသည်။
အမျိုးသမီးများလည်း အားကိုးရာမဲ့ ဒုက္ခပင်လယ်ဝေခဲ့ရပါသည်။
သေဆုံးနေသောမိခင်အလောင်းဘေးတွင် ဆာလောင်မှုနှင့်အတူငိုကျွေးနေသောကလေးငယ်များ။
ခိုကိုးရာမဲ့ အမိမဲ့ အဖမဲ့ မျက်ရည်ကိုသာ အားကိုးနေရသောကလေးငယ်ဘဝများ.....
ရှေ့သို့မည်သို့ဆက်ရမည်ကိုမသိရှာသော ခိုကိုးရာမဲ့ ကလေးငယ်များ.....
ဗုံးမကြဲမီနှင့် ဗုံးကြဲပြီးပုံများ
UNESCO World Heritage Site (ကမ္ဘာယဉ်ကျေးမှုထိမ်းသိမ်းရေးအဆောက်အဦး)
၁၉၉၆ခုနှစ် ဒီဇင်ဘာတွင် ဟီရိုရှီးမား ငြိမ်းချမ်းရေးအမှတ်တရအဆောက်အဦးကို ယူနက်စကို (UNESCO)
အဖွဲ့မှ ကမ္ဘာယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်ထိမ်းသိမ်းရေးညီလာခံတွင်ကမ္ဘာမှတ်တမ်းဝင်အမွေအနှစ်
တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့လေသည်။ ထိုအဆောက်အဦးသည်ပြင်းထန်ပေါက်ကွဲမှုတို့မှလွတ်မြောက်ရာ၊ လူသားများကို ပထမဆုံးနူကလီးယားလက်နက်ဖြင့်တိုက်ခိုက်မှုနေရာ၊ ငြိမ်းချမ်းရေးဆိုင်ရာ အထိမ်းအမှတ်
နေရာတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရခြင်းဖြစ်လေသည်။ ထိုအဆောက်အဦးကို တွေ့မြင်ရသူများအဖို့
စစ်၏ကြောက်မက်ဖွယ်ရာများ၊ အနုမြူ ဗုံးအသုံးပြု ခြင်း၏အန္တရယ်များကိုကောင်းစွာသိမြင်စေနိုင်ပြီး၊
စစ်ပွဲကိုရွံမုန်းခြင်း၊ အနုမြူ ဗုံးကိုရွံမုန်းခြင်းစသော သင်ခန်းစာများကိုရရှိမည်ဖြစ်ပြီး အနာဂါတ်လူသားကမ္ဘာ
ကို ငြိမ်းချမ်းရေးလမ်းသို့တင်ပို့နိုင်မည်ဖြစ်သည်။
...................................................................................................................................................
ကျွန်ုပ်၏ရည်ရွယ်ချက်
ဤပိုစ့်လေးကိုဖတ်ရှုနေသော အသင်စာဖတ်သူ၏ ရင်ထဲတွင်မည်သို့ခံစားနေရပါသနည်။
အနိဌာရုံများကိုဖော်ပြထားသဖြင့် တောင်းပန်ပါတယ်။ သို့သော် သင်သည်ယခုစာဖတ်နေရုံဖြင့် ဤမျှ
ခံစားနေရပါလျှင် လက်တွေ့ကြုံတွေ့ခဲ့သောဂျပန်ပြည်သူများ၊ ကလေးငယ်များဆိုလျှင်မည်သို့ခံစားရပါမည်
နည်း၊ ကိုယ်ချင်းစာစိတ်ဖြင့် ဝင်ရောက်ခံစားကြည့်မည်ဆိုပါက သင်လည်းစစ်ကိုရွံမုန်းလာမည်ဖြစ်သည်။
ထို့အပြင်အနုမြူ ဆိုသောစကားလုံးကို ကြားချင်စိတ်ပင်ရှိမည်မဟုတ်ချေ။
ဟီရိုရှီိးမားပြတိုက်ထဲတွင် ဖတ်ခဲ့ရသောစာကြောင်းလေးကိုပြောပြရင်း ဤပိုစ့်ကိုရေးသားခြင်းအား
အဆုံးသတ်ခွင့်ပြုပါ။
"ဤပြတိုက်ကိုတည်ဆောက်ထားရခြင်းမှာ လက်စားချေလိုစိတ်၊ ရန်တုံ့နှင်းလိုစိတ်ဖြင့်တည်ဆောက်
ထားခြင်းမဟုတ်ပါ။ အနုမြူ ဗုံး၏ရက်စက်မှုများကို အနာဂါတ်လူသားများသိရှိစေလိုသောကြောင့်ဖြစ်ပါ
သည်။"
"အကယ်၍ တစ်စုံတစ်ရာသောအကြောင်းကြောင့် အနုမြူ ပိုင်ဆိုင်သောနိုင်ငံတစ်နိုင်ငံသည် အနုမြူ ဗုံး
ကြဲချတော့မည်ဆိုပါက ကျွန်ုပ်တို့မတားလိုပါ။ သို့သော် မကြဲချခင်ဤပြတိုက်သို့လာရောက်ကြည့်ရှုစေ
လိုပါသည်။ ကြည့်ရှုပြီးနောက် သင်အနုမြူ ဗုံးကြဲချလိုပါက သင်သဘောအတိုင်းသာဖြစ်ပါသည်။"
ကောင်းလိုက်တဲ့စာသားဗျာ...ရင်ထဲကိုထိသွားတာဘဲ။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်လျှက်.....
လူသားအားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။ စစ်ဘေးစစ်ရန်ကင်းကြပါစေ။
အသေးစိပ်သိလိုပါက ဟီရိုရှီးမားမှသင်ခန်းစာ တွင်ဖတ်ရှုပါ။
ထပ်မံဖတ်ရှုလိုပါက ဟီရိုရှီးမား တွင်ဖတ်ရှုပါ။
ရေးသားသူ - ဆက်ပိုင်
၂၀၁၄ နိုဝင်ဘာ









.jpg)








.jpg)




























ဒီလို ဖတ်ခွင့် သိခွင့်ရလို့ကျေးဇူးအများကြီးတင်ပါတယ်ဆရာ
ReplyDeleteဖတ်ခွင့်ရလို့ကျေးဇူးအများကြီးတင်ပါတယ်
ReplyDelete