တိုကျို မြို့မှနာမည်အကြီးဆုံးတက္ကသိုလ်ဖြစ်သော "တိုးဒိုင်း"
မြန်မာပြည်မှာ ရန်ကုန်တက္ကသိုလ်ဆိုရင် မြန်မာတိုင်းက လေးစားကြသလို၊ ဂျပန်နိုင်ငံမှာလည်း ဂျပန်တိုင်းကလေးစားရတဲ့တက္ကသိုလ်ကိုပြောပါဆိုရင် တိုကျို တက္ကသိုလ်ဖြစ်ပါတယ်။
တိုကျို တက္ကသိုလ်ကို မေဂျီခေတ် ၁၈၇၇ ခုနှစ်မှာ ဂျပန်နိုင်ငံအစိုးရမှ တည်ထောင်ခဲ့ပါတယ်။
ပထမဦးဆုံးတည်ထောင်ခဲ့သော ဂျပန်အမျိုးသားတက္ကသိုလ် (၇)ခုထဲမှတစ်ခုဖြစ်ပါတယ်။
တိုကျို တက္ကသိုလ်ကို ဂျပန်တွေကတော့ချစ်စနိုးနဲ့ တိုးဒိုင်းလို့ခေါ်ဆိုကြပါတယ်။
တိုကျို တက္ကသိုလ် ဆိုတာကို ဂျပန်လိုပြောရရင် တိုကျို ဒိုင်းဂခု(東京大学) လို့ဆိုပါတယ်။
ရှေ့ဆုံးကစာလုံးတွေကို ထုတ်ယူပြီး တိုးဒိုင်း (東大)လို့ခေါ်ဆိုကြတာပါ။
၂၀၁၃ ခုနှစ်မှာ တိုကျို တက္ကသိုလ်ရဲ့ထုတ်ပြန်ချက်တစ်ခုကတော့ တိုးဒိုင်း ဆိုတာကို အင်္ဂလိပ်လိုပြောတဲ့အခါ လက်ရှိသုံးနေတဲ့ "Todai" အစား "UTokyo" ဆိုပြီးကြေငြာခဲ့ပါတယ်။
ဂျပန်မှာက တက္ကသိုလ်နှစ်မျိုးရှိပါတယ်။ အစိုးရတက္ကသိုလ်နဲ့ ပြင်ပတက္ကသိုလ်ဆိုပြီးရှိပါတယ်။
ဘာတွေကွာသလဲဆိုတော့.....အစိုးရတက္ကသိုလ်က ဈေးသက်သာတယ်၊ ဒါပေမယ့် ဝင်ခွင့်ရဖို့မလွယ်ဘူး။
ဝင်ခွင့်စာမေးပွဲမေးခွန်းက ခက်ခဲတယ်။ ပိုက်ဆံရှိရုံနဲ့ တက်ဖို့မစဉ်းစားနဲ့။ ဒါကြောင့်မို့လို့ တိုးဒိုင်းဆိုပြီး
နာမည်တစ်လုံးရလာတာပါ။ ကိုယ်ပိုင်ကျောင်းတွေကတော့ မိမိတက္ကသိုလ်မှာလူရဖို့အရေးကြီးတော့
ဝင်ခွင့်စာမေးပွဲတွေကိုလွယ်လွယ်မေးတယ်။ သို့သော် ပိုက်ဆံတော့ ပိုကုန်တာပေါ့။ ဆိုလိုတာက
ပိုက်ဆံရှိသားသမီးတွေဆိုရင် တက္ကသိုလ်တက်ဖို့ အခက်အခဲသိပ်မရှိဘူးပေါ့။
ဂျပန်မှာ ဘွဲ့ရတဲ့သူအချင်းချင်းတောင်မှာ တိုးဒိုင်းကကျောင်းပြီးတဲ့သူဆိုရင် အလုပ်ကောင်းရဖို့
သေချာတယ်။ အလုပ်ရှင်တွေက ဦးစားပေးခေါ်ယူခြင်းကိုခံရတယ်။ တန်ဖိုးထားကြတယ်။
ကျွန်တော်က တိုးဒိုင်းက ကျောင်းပြီးတာပါလို့ပြောလိုက်ရင်တောင် ဘေးလူတွေရဲ့ အထင်ကြီးတဲ့
မျက်လုံးနဲ့ကြည့်ခြင်းကို ခံရတယ်။ ကဲ...ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲ။
ရုပ်ဝတ္ထုတွေကြီးစိုးနေတဲ့ ဂျပန်လိုနိုင်ငံမှာ တန်ဖိုးထားခံရလောက်တဲ့အဆင့်ဖြစ်စေတဲ့တက္ကသိုလ်ကြီး
မှာကျောင်းတက်ချင်စိတ်တွေဖြစ်မလာဘူးလား။ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ရေးအဖွဲ့ကြီးရဲ့ဖော်ပြချက်မှာတော့ တိုကျို တက္ကသိုလ်ကြီးဟာ
အာရှတက္ကသိုလ်များထဲမှာ အဆင့်အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာအဆင့်သတ်မှတ်ချက်မှာတော့ အဆင့်(၂၁)နေရာ
မှာရှိပါတယ်။
တိုကျို တက္ကသိုလ်ကြီးရဲ့အချက်အလက်တွေကတော့
ကျောင်းလိပ်စာ 7-3-1 Hongo, Bunkyo, Tokyo 113-8654, Japan
ဖုန်းနံပါတ် +81 3-3812-2111
တည်ထောင်သောနေ့ April 12, 1877
ကျောင်းသားအရေအတွက် ၃၀၀၀၀ခန့်
နိုင်ငံခြားသားကျောင်းသား ၂၁၀၀ ခန့်
အသေးစိပ်သိချင်ရင်တော့ တိုကျို တက္ကသိုလ် မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။
သမိုင်းစဉ်ကိုသိချင်ရင်တော့ တိုကျို တက္ကသိုလ်သမိုင်းစဉ် မှာဖတ်ရှုနိုင်ပါတယ်။
ရေးသားသူ-ဆက်ပိုင်